လွိုင်လင် မေ ၂၆
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ (၉)နာရီက အထက(၁)လွိုင်လင်၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ အခမ်းအနားကို အထက(၁) ကျောင်းသား/သူလေးများက “ ကျောင်းအပ်နှံရေးနေ့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းစိုးက ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခုနှစ် ကျောင်းအပ်နှံရေးနေ့ သီးတင်းပတ်အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကျောင်းအမြန်အပ်နှံစို့’’ ဖြစ်ကြောင်း လွိုင်လင်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၄၉)ကျောင်း၊ ဘုန်းတော်ကြီးတင်ပညာရေးကျောင်း (၃)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄)ကျောင်းရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စာရင်းရှိ ကျောင်းသားဦးရေမှ (၂၀၉၆၁)ဦးရှိကြောင်း၊ မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျောင်းလာရောက်အပ်နှံပြီးစီးမှုမှာ (၈၃၆၆)ဦးအပ်နှံပြီးဖြစ်ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် (၄၀.၄၃ ရာခိုင်နှုန်း)ဖြစ်ကြောင်း ဆက်လက်၍လည်း လာရောက်အပ်နှံလျက်ရှိကြောင်း ပြောကြားသည်။ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များကို ကျောင်းများအလိုက် ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်သည် KG + Grade 12 ပညာရေးစနစ်ဖြစ်ကြောင်း၊ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့’’ ဆောင်ပုဒ်နှင့်အညီ မိမိကလေးများကို အချိန်မီကျောင်းအပ်နှံကြရန် ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်ရာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးစီမံ ဆရာမကြီး ဒေါ်ဌေးဌေးမြင့်ကလည်းကောင်း၊ ဗလာစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်ကလည်းကောင်း၊ ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ထွန်းမြင့်နိုင်ကလည်းကောင်း၊ ကျန်းမာရေးသုံး မတ်စ်နှင့် လက်သန့်ဆေးရည်များကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေကလည်းကောင်း၊ ချို့တဲ့နွမ်းပါးသည့် ကျောင်းသား/သူများအတွက် မြို့နယ်ပညာ/ကျန်းမာကော်မတီ ဦးသောင်းက အလှူငွေကျပ် (၅ သိန်း)ကိုလည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူ ကျောင်းအုပ်ဆရာ /ဆရာမများက လက်ခံရယူကြပြီးအခမ်းအနားကို ပြီးမြောက်ခဲ့သည်။
အခမ်းအနားအပြီးတွင် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များက ကျောင်းအပ်နှံမှုများကို လှည့်လည်ကြည့်ရှု့အားပေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန် /ဆက်)