မတ္တရာ မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇွန်လ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို မေလ ၂၆ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် “ပလတ် စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်တွင် အခြေခံပညာကျောင်းများမှ ဖြေဆိုသူ(၈)ဦး၊ အလယ်တန်းအဆင့်တွင် ဖြေဆိုသူ(၁၀)ဦး စုစုပေါင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲကျင်းပရာသို့ အောင်မြေသာစံ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)