မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာပေရေးရာ ဆွေးနွေးပွဲကျင်းပ

မန္တလေး မေ ၂၆

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community   Centre ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းက စာပေရေးရာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေရေးရာ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌‌ရေးမှူး ဒေါ်မြင့်မြင့်သန်းက စာပေ ရေးရာဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေး‌‌နွေးပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အတွင်းရေးမှူး စာရေးဆရာ မင်းမြတ်မိုး(မန်းမြေ)က လူငယ်များ ရသစာပေများကို အလေးထား ဖတ်ရှုရန် လိုအပ်ကြောင်း၊ ရသစာပေများကို ဖတ်ရှုပြီး တွေးခေါ်စဉ်းစားရာမှ တစ်ဆင့် စာနာစိတ်၊ သနားကြင်နာတတ်သည့် စိတ်၊မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကိုချစ်သည့် စိတ်များ ရင့်သန်လာနိုင်ကြောင်း၊  ဆရာဟာမိုနီက ရသ စာပေများသည် ဖတ်ရှုသူကို စာနာနားလည် ခံစားတတ်သည့် စိတ်ခံစားမှုကို ဖန်တီးနိုင်သည်ဟု မှတ်ယူပါကြောင်း၊ ဆရာ‌ မောင်ကုက္ကိုလ်က လူငယ်အကျိုးပြု ရသစာပေများဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် လူငယ်များ၏ နှလုံးသား၏ နူးညံ့သိမ်‌မွေ့မှု၊ ချစ်တတ်မှု၊ ခံစားမှုများ ရရှိ‌စေပါကြောင်း၊ ဆရာ ထွန်းသစ်အိမ်က လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အကျိုးပြု ရသစာပေများ ထွန်းကားရေးအတွက် မိမိတို့ဖက်က ကြိုးစားရေးသားကြရန် လိုအပ်သလို ဖတ်ရှုစေရေးအတွက် ဆွေးနွေးဟောပြောမှုများ ပြုလုပ်သင့်ပါကြောင်း အစရှိသည့် အကြောင်းအရာများဖြင့် စတင်ဆွေးနွေးပါသည်။ 

ဆက်လက်၍ စာရေးဆရာ ကျော်ကြီးက ရသစာပေများသည် စာပေကိုချစ်သည့်စိတ်၊ တန်ဖိုးထားသည့်စိတ်၊ လူထု၏ လက်တွေ့ဘဝထင်ဟပ်မှုများ စသည့် အကြောင်းအရာများကို ခံစားရေးဖွဲ့ထားကြောင်း ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ရသစာပေတွင် ပါရှိသော အကြောင်းအရာများ၊ ရေးဖွဲ့မှုများအပေါ်  ထင်မြင်ယူဆချက်များကို အပြန်အလှန် ဆွေးနွေး ကြ‌‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)