ပင်းတယ အောက်တိုဘာ ၇
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် ပင်းတယနှင့် ရွာငံမြို့ရှိ ဒေသနေ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရွာငံမြို့ရှိ မြို့ကြီးကျေးရွာ အဝင်ဂိတ်တွင် ကိုဗစ်-၁၉ Test Kit များဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းကို အောက်တိုဘာလ ၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ် ရောဂါကို Test Kit များဖြင့် ရှာဖွေစမ်းသပ်ရာတွင် ဒေသအတွင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အတွက်သာဖြစ်ပြီး စပ်းသပ်ခတစ်ဦးလျှင် နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ပြီး ရောဂါရှာဖွေစစ်ဆေးမှုများကို နံနက် ၈ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ တစ်ကြိမ် စုစုပေါင်း တစ်ရက်လျှင်နှစ်ကြိမ် ရှာဖွေစမ်းသပ် ပေးသွားမည်ဖြစ်သည်။
ယင်းကဲ့သို့ ရောဂါရှာဖွေရေး Test Kit များဖြင့် စမ်းသပ်ရှာဖွေပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ဝင်ရောက်နေခြင်း ရှိ/မရှိကို အချိန်တိုအတွင်း သိရှိနိုင်မည်ဖြစ်ပြီး ရောဂါကူးစက်မှုများတွေ့ရှိပါက လူအများနှင့် ထိတွေ့မှုနည်းပါးပြီး ကုသရေးစင်တာများသို့ အချိန်မီပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်းလည်း သိရ သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနှင့် ရွာငံမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင်လည်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတို့က မဖြစ်မနေ ခရီးသွားနေရသည့် ပြည်သူများအား ကိုယ်ပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)