မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသည့် ဗန်းမော်ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ

မဟာအောင်မြေ မေ၂၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံး လျက်ရှိသည့် ဗန်းမော်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဒေါက်တာဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော် (၉၄) ၊ သိက္ခာတော် (၇၄) ဝါ အရ မေလ (၂၅) ရက်‌နေ့၊ ည ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူ သွားကြောင်း သိရသည်။

ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသအား မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ၁၂၉၁ခုနှစ် တော်သလင်းလဆန်း (၁၄) ရက်နေ့ တနင်္လာနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ကြောင်း သိရသည်။

ထိုနောက် ဆရာတော်သည် ၁၃၀၅ခုနှစ် ဝါဆိုလဆန်း (၁၀) ရက် တနင်္ဂနွေနေ့တွင် ရှင်သာမဏေအဖြစ်ရောက်ရှိပြီး ၁၃၁၀ ပြည့်နှစ် တပို့တွဲလဆန်း (၁၀) ရက်နေ့ တနင်္ဂနွေနေ့တွင် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ကြောင်းသိရသည်။ ထိုနောက် ဒက္ခိဏာရာမဘုရားကြီးတိုက်၊ နယားကျောင်း၌ စာချအကျော်ဆရာတော် များထံတွင် လောကုတ္တရာစာပေများဖြစ်သည့် ပါဠိ၊ အဠကထာဋီကာကျမ်းများကို လေ့လာသင်ယူခဲ့ပြီးနောက် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမ ကြီးတန်း၊ သကျသီဟစာသင်တန်း၊ သကျသီဟဓမ္မာစရိယဝဋံဘွဲ့၊ သာသနာဓဇသိရီပဝရဓမ္မာစရိယ၊ ပါဋိသိရောမဏိဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ အဌကထာကျမ်းကြီး (၉) ကျမ်းကို ပါဋိဘာသာဖြင့် ဖြေဆိုအောင်မြင်တော်၍ " သိရောမဏိ" ရရှိသူမှာ မြန်မာတစ်နိုင်ငံလုံး ဆရာတော်တစ်ပါးဖြစ်ပြီး "တိပိဋကဓရ တိပိဋက‌ ကောဝိဒ သာသနာ့အာဇာနည်အရှင်မြတ် (၉) ပါး အောင်မြင်ပေါ်ထွန်းစေသည့်အထိ လွန်စွာခက်ခဲနက်နဲသော "ပဠာန်းကျမ်း" ကို လွယ်ကူရှင်းလင်းအောင် သင်ကြားပို့ချ နိုင်ခဲ့သဖြင့် မြတ်စွာဘုရား၏ ပရိယတ်သာသနာ‌တော်ကို ထွန်းလင်းတောက်ပစေခဲ့သည်။

ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၄) နှစ်၊ သိက္ခာတော် (၇၄) ဝါအရ ၁၃၈၅ခုနှစ်၊ နယုန်လဆန်း (၇) ရက် (၂၅-၅-၂၀၂၃) ကြာသပတေးနေ့ ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

အောင်ဇော်မင်း