မိတ္ထီလာ၊ အောက်တိုဘာလ ၇
မိတ္ထီလာမြို့စည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ရန် ယမန်နေ့ နံနက်က ၈ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီး၊ ဗဟိုစျေးကြီးနှင့် ပိတောက်မြိုင်စျေးတို့တွင် ရောင်းချ လျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့်တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှုရှိစေရန်နှင့် စျေးသည်များ၊ စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ကြရန် ကွင်းဆင်းကြပ်မတ်ခဲ့ရာ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးကြီး၊ ဗဟိုစျေးကြီးနှင့် ပိတောက်မြိုင် စျေးတို့တွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူ အများစုမှာ နှာခေါင်းစည်းများ တပ်ဆင်လျှက်ရှိပြီး အနည်းငယ်သာ နှာခေါင်းစည်းများ မတပ်ဆင်ကြ၍ နှာခေါင်းစည်းများ တပ်ဆင်ကြပါရန်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှု မရှိပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စျေးသည်များ၊ စျေးဝယ်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း စျေးအရာရှိ ဦးအောင်ကျော်က ပြောပြ၍ သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီး၊ ဗဟိုစျေးကြီးနှင့် ပိတောက်မြိုင်စျေးတို့တွင် ရောင်းချ လျက်ရှိသော စျေးသည် များနှင့် စျေးဝယ်သူများကို စျေးအတွင်း ဝင်ရောက်ပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ဝင်ကြရန် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနိုးဆော်လျက်ရှိသည့်အပြင် စျေးအတွင်း ဝင်ရောက်လာပါက လက်ဆေးနိုင်ရန်အတွက် လက်ဆေးစင်များ ထားရှိပေး ထားကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)