သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်း ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ၌ဖွင့်လှစ်

သန်လျင် မေ ၂၅

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(ခ)မြင်းမူမောင်နိုင်မိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံက နိုင်ငံရေးနှင့်သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို လည်းကောင်း၊ မြန်မာနိုင်သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(ခ)မြင်းမူမောင်နိုင်မိုးက သတင်းအမှား၊ သတင်းအမှန်၊ သုံးသပ်ခြင်းနှင့်ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ ရေးသားနည်းများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးဦးဆန်းဝင်းက ဝေါဟာရရှင်းလင်းချက်များကိုလည်းကောင်း၊ နည်းပညာအကြံပေးဦးဌေးလင်းက ဆိုရှယ်မီဒီယာများ၏အခန်းကဏ္ဍကိုလည်းကောင်း၊ ဆွေးနွေးပို့ချကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုနှင့် မြို့နယ်ရုံးများမှ ဦးစီးအရာရှိများ၊ သင်တန်းသား (၁၅) ဦးတို့တက်ရောက်ကြပြီး သင်တန်းအား မေ (၂၆) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ သတင်းမီဒီယာဥပဒေနှင့် သတင်းမီဒီယာကျင့်ဝတ် မှတ်တမ်းစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)