သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင် ပရိယတ္တိစာသင်တိုက်၌ သံဃာသစ်လွင် ကြိုဆိုပွဲကျင်းပ

သထုံ မေ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်၏ ၁၃၈၅ ခုနှစ် သံဃာသစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက် ပရိယတ္တိရတနာကျောင်းဆောင် စုဝေးခန်းမ၌ နာယကစာချဆရာတော်များက ယခုနှစ်(၁၃၈၅ ခု စာဝါနှစ်)တွင် ပရိယတ္တိ စာပေများကို အတန်းစဥ်အလိုက် လေ့လာသင်ကြားမည့် ပရိယတ္တိဝန်ဆောင် စာသင်သားသံဃာတော်အရှင်သူမြတ်များအား ကြိုဆိုနှုတ်ခွန်းဆက် ဆုံးမဩဝါဒ တရားများ မိန့်ကြားတော်မူခဲ့ကြပြီးနောက် ကြိုဆိုပွဲသို့ တက်ရောက်ပူဇော်ကြည်ညိုကြသည့် ဒါယကာ၊ ဒါယိကာမများက စာသင်သားသံဃာတော်အရှင်သူမြတ်များအား စာရေးကိရိယာနှင့် လှူဖွယ်ပစ္စည်းများ ပူဇော်လှူဒါန်းခဲ့ကြသည်။

ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်ကို ၁၃၅၃ ခုနှစ် (၁၉၉၁ခုနှစ်)က စတင်ဖွင့်လှစ် ပြီးနောက် ရပ်ဝေးရပ်နီးနေ ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများ၏ ချီးမြှင့် ထောက်ပံ့လှူဒါန်းမှုများဖြင့် တစ်နှစ်ထက်တစ်နှစ် စာသင်သားသံဃာတော်များ တိုးမြှင့်လက်ခံကာ စာချဆရာတော်များက အခြေခံသင်ပုန်းကြီးတန်းမှ ဓမ္မာစရိယ တန်းထိ ပရိယတ္တိစာပေများကို ပို့ချသင်ကြားပေးလျက်ရှိသည်။

နှစ်စဥ်စာဝါနှစ်အတွင်း စာသင်သားသံဃာတော်အရှင်သူမြတ်များအား အတန်းစဥ်အလိုက် ကျောင်းတွင်း လပတ်အရည်အချင်းစစ်စာမေးပွဲများ၊ ဒေသတွင်း ပရိယတ္တိ သာသနာနုဂ္ဂဟစာမေးပွဲများ၌ ဝင်ရောက်ဖြေဆိုစေကာ အရည်အချင်းပြည့်မီသူ စာသင်သားသံဃာတော်အရှင်သူမြတ်များအား အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲများ၌ ဝင်ရောက်ဖြေဆိုစေခဲ့ကြောင်း သိရသည်။

ယခင်နှစ် (၁၃၈၄ ခု စာဝါနှစ်)၌ အဆိုပါစာသင်တိုက်တွင် ရဟန်းတော် ၂၂၄ ပါး၊ သာမဏေ ၂၇၇ ပါး စုစုပေါင်း စာချ၊ စာသင်ဆရာတော်၊ သံဃာတော်အရှင်သူမြတ် ၅၀၁ ပါး သီတင်းသုံးကာ ပရိယတ္တိစာပေများကို သင်ကြားလေ့လာပို့ချပေးခဲ့ကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)