ခရမ်း အောက်တိုဘာ ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်း လူစည်ကားရာနေရာ တစ်ခုဖြစ်သည့် မြို့မဈေးကြီးအတွင်း ယနေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပညာပေး လုပ်ငန်းဆောင်ရွက်ရာသို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် စည်ပင်သာယာရေးဝန်ထမ်းများက ပူးပေါင်း၍ ခရမ်းမြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာလျက်ရှိသည့် လမ်းညွှန်ချက်များအား လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း၊ ပညာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဈေးအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေး လိုက်လံကြည့်ရှု ပညာပေးခြင်းတို့အား ပူးပေါင်းဆောင်ရွက်ခဲ့ သည်။
ခရမ်းမြို့နယ်တွင် ရပ်ကွက် (၁၃)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၆၆) ရွာရှိပြီး လူဦးရေ တစ်သိန်းခြောက်သောင်းကျော်နေထိုင်လျက်ရှိရာ မြို့နယ်နေပြည်သူအများစုမှာ အဆိုပါ မြို့မဈေးကြီးအတွင်း နေ့စဉ်လာရောက် ဈေးရောင်းချ၊ ဝယ်ယူလျက်ရှိသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ယခုကဲ့သို့ ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် လိုက်လံဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ကိုမင်း (ခရမ်း)