မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ရာမည FC အသက်(၁၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတက်ရောက်

မော်လမြိုင် မေ ၂၅

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ နှင့် FIFA MFF U15 LEAGUE 2023 သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ရာမည FC အသက်(၁၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင် အလှူရှင်များ၊ ပြည်နယ် ဘောလုံးဆပ်ကော်မတီဝင်များ၊ မွန်ပြည်နယ်အသက် (၁၈)နှစ်အောက်နှင့် အသက် (၁၅)နှစ်အောက် အမျိုးသားဘောလုံးအသင်းများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ  တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ရာမညFC အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးအသင်းအဖွဲ့ခေါင်းဆောင် အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများမှတစ်ဦးချင်းမိတ်ဆက် ဂါရဝပြုပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် နယ်ပယ်စုံ ၊ ကဏ္ဍစုံဖွံဖြိုး တိုးတက် ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အားကစားကဏ္ဍတစ်ခန်း တစ်ကဏ္ဍ ထည့်သွင်းပြီး အဆင့်မှီဖွံ့ဖြိုးတိုးတက်စေရေး  အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း အားကစားစိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်ကို ဖြစ်ပေါ်စေပြီး ထိုမှတဆင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် လိုသည့်စိတ် ပေါ်ပေါက်လာစေသည့်အတွက် အားကစားကဏ္ဍကို အားပေးမြှင့်တင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ဘောလုံးအသင်းများမှ အားကစား စနစ်တကျ ရွေးချယ်ထားပြီး အဆင့်မြင့်နည်းပြဆရာများနဲ့ စနစ်တကျ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ထားတဲ့အတွက် အောင်မြင်မှုများ ရရှိ၍ မွန်ပြည်နယ် ကိုယ်စားပြု အမျိုးသားဘောလုံးအသင်း(၂)သင်းကို စခန်းသွင်းလေ့ကျင့်ရေးကာလနှင့် ပြိုင်ပွဲယှဉ်ပြိုင်နိုင်ရန်အတွက် စားသောက် စရိတ်များ၊ ပြိုင်ပွဲဝင်ဝတ်စုံများ ထောက်ပံ့ချီးမြှင့်ငွေများကို အဖက်ဖက်က လိုလေသေးမရှိအောင် ပံ့ပို့ချီးမြှင့်ထားပြီး အနိုင်ရရှိသော ပြိုင်ပွဲတိုင်းလည်း ဂုဏ်ပြုငွေများ ထပ်မံချီးမြှင့်ပေးသွားမှာဖြစ်ပါကြောင်း  မွန်ပြည်နယ် အသက်(၁၈)နှစ်အောက်နှင့် အသက်(၁၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းများကို အဖက်ဖက်မှ ကူညီအားပေးခဲ့ ကြသည့်ပုဂ္ဂိုလ်များနှင့် အလှူရှင်၊ လုပ်ငန်းရှင်အားလုံးကို မွန်ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိကြောင်း နှင့် အားကစားသမား များကလည်း ပြည်နယ်ဂုဏ်မြှင့်တင်နိုင်ရေးအတွက် သန္နိဌာန်ဖြင့် အားသွန် ခွန်စိုက် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြား၍ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်းနှင့် ရာမည FC အသက်(၁၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ခဲ့သည်။

ထို့နောက် မွန်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူ မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းခိုင်ထွန်းမှ မွန်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံး အသင်းလေ့ကျင့်ပြင်ဆင်ထားမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်းနှင့် ရာမညFC အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးအသင်း CEO ဦးကျော်မင်းအောင်မှ ဘောလုံးအသင်း လေ့ကျင့်ပြင်ဆင်ထားမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်း နှင့် ရာမည FC အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့အား စီးပွားရေး လုပ်ငန်းရှင်များ၊ အလှူရှင်များက အလှူငွေများ အသီးသီး ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော အားကစားသမားများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူး၍ ဂုဏ်ပြုနေလယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ ဆက်)