သာကေတ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်း များကို အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉) ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများမှ ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ နယ်မြေ အလိုက် ကပ်ထားကြေညာထားကြောင်း သိရသည်။
ထိုသို့သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထား ကြေညာရာတွင် အောက်တိုဘာ(၁)ရက်နေ့မှ ယနေ့ထိ ဆန္ဒမဲစာရင်းတွင် မိမိအမည်မပါဝင်သဖြင့် ပုံစံ(၃)ဖြင့် မဲစာရင်းပေးရန် လျှောက်ထားသူ (၂၆၇)ဦး၊ မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပုံစံ(၄)ဖြင့် ကန့်ကွက်သူ (၅၀)ဦး၊ အချက်အလက်များ မှားယွင်းနေသဖြင့် ပုံစံ၄(ဂ)ဖြင့် ပြင်ဆင်သူ (၂၀၈)ဦးရှိကာ အဆိုပါ မဲဆန္ဒရှင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြင်ဆင်ဆောင်ရွက်နေပြီးဖြစ် ကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းအား အသက် (၁၈)နှစ် ပြည့်သူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန်အတွက် မဲစာရင်း များ လာရောက်ကြည့်ရှုရန် နှိုးဆော်ထားပြီး ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားသည့်အပြင် အွန်လိုင်း Websiteမှ https://findyourpollingstation.uec.gov.mm တွင်လည်း ရှာဖွေကြည့်ရှုနိုင်ကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)