မက်မန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်း၌ ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ခရီးသွားပြည်သူများကို ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား အပူချိန်တိုင်းတာစစ်ဆေးခြင်းနှင့် ခရီးသွား ရာဇဝင်မှတ်တမ်းများ စစ်ဆေးခြင်းသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ထောက်ခံချက်များ စစ်ဆေးခြင်း၊ လက်သန့်ဆေးရေဖြင့် လက်သန့်စင်စေခြင်းနှင့် mask မပါရှိသူများ အား mask အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင် များဖြန့်ဝေ ခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၈)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မက်မန်း(ပြန်/ဆက်)