နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အသိပညာပေး Talk Show ပြုလုပ်

နမ့်ဆန် မေ ၂၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လာမည့် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ယခုကဲ့သို့ On Line အသိပညာပေး Talk Show အစီအစဉ် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က “ပတ်ဝန်းကျင်ထိမ်းသိန်းရေး‌နေ့ ဖြစ်ပေါ်လာပုံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်မှုများ၊ အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့မစွန့်ပစ်ဘဲ စနစ်တကျစွန့်ပစ်ဖို့၊ သစ်ပင်သစ်တောတွေကို စိုက်ပျိုးဖို့၊ ရှင်သန်အောင်ထိန်းသိမ်းဖို့၊ ပိုးသတ်ဆေးတွေကို စနစ်တကျ ကိုင်တွယ်သုံးစွဲစွန့်ပစ်ကြဖို့၊ လျှပ်စစ်မီးကို လိုအပ်သလောက်သုံးစွဲဖို့၊ ရေကို အလဟဿမဖြစ်စေရေး ချွေတာသုံးစွဲဖို့ ဆောင်ရွက် ကြခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းဆောင်ရွက်ကြပါဆို့လို့” တိုက်တွန်းရင်း “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” နှင့်အညီ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် စီမံချက်ရေး ဆွဲအကောင်အထည်ဖော် ဆောင်ရွက်မည့်အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသရုံးအဆင့်အနေဖြင့် အများပြည်သူများ အသိပညာ၊ဗဟုသုတ ရရှိစေမည့် အသိပညာပေး Talk Show အစီအစဉ်များ၊ အသိပညာ ဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြား အသိပညာပေးအစီအစဉ်များ ကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)