ကော့မှူး မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ Book club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင်ဒေါ်တင်သန်းက ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားထားသည့် “အလုပ်ဆိုတာအင်အားပါ” စာအုပ်ထဲမှအလုပ်တွင် အောင်လုပ်ချင်လျှင် စိတ်ကိုအေးအေးထားနိုင်ပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ ဦးမြလင်းက အိုသော်လည်း အပယ်မခံရအောင်အလုပ်ကို ဇွဲခတ်၍လုပ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်သီဟက အလုပ်တွင်ကျယ်စေချင်ရင် လူရောစိတ်ပါ ကျန်းမာဖို့လိုပါတယ် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင်ဒေါ်တင်သန်းမှ အခုခေတ်လူငယ်များအနေဖြင့် အချိန်မဖြုန်းဘဲ အလုပ်များများလုပ်ပါလို့ တိုက်တွန်းဖို့ သိပ်မလို့တော့ဘူးလို့ထင်ပါကြောင်း၊ အလုပ်ကိုကြိုးစားပမ်းစားလုပ်နေကြတဲ့ သူတွေသတိထား ရမယ့်အချက်ကတော့ ကိုယ်ရောစိတ်ပါကျန်းမာစွာရှိဖို့ လိုအပ်ကြောင်း၊ အလုပ်လုပ်တော့မယ်ဆိုတာနဲ့ ကိုယ်အားရောစိတ်အားရော စိုက်ရတာဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။
ကျော်သူရ ကော့မှူး