ဒေါပုံ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နောက်ဆုံး အကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ် အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရ သည်။
ဒေါပုံမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာ သွားမည်ဖြစ်ပြီး ဆန္ဒမဲတွင် မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူဖြစ်ပါက ပုံစံ-၃ (က) ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်လာပါက ပုံစံ-၄(ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း စသည်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်စိစစ်သွားမည်ဖြစ်၍ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံး စေရန်အတွက် မဲစာရင်းများ လာရောက်ကြည့်ရှုရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါ မဲစာရင်းများကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထား သည့်အပြင် မိမိတို့၏ Computer နှင့် Mobile Phone များဖြင့် Browser မှတစ်ဆင့် https://finndyourpollingstation.uec.gov.mm တွင် အချက်အလက်များ ဖြည့်စွက်၍ ကြည့်ရှုနိုင် ကြောင်းလည်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)