ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတေယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးရည်ရွယ်၍ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ကျောင်းအပ်လက်ခံရာတွင် ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိသတ်မှတ်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံစသည့်ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရှိရသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို လမ်းမတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လမ်းမတော်မြို့နယ်အတွင်း အခြေခံပညာထက်၊ လယ်၊ မူကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ကျော်ဆန်းမြင့်