ပန်းဘဲတန်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် အ.မ.က(၃)ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများဖြင့် ကျောင်းဝင်းနှင့် စာသင်ခန်းများအတွင်း တံမြက်စည်းလှည်းခြင်း၊ အမှိုက်များအားရှင်းလင်းခြင်း၊ စာသင်ဆောင်များအတွင်း စာသင်ခုံများ ဆေးကြောသန့်စင်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များအား abate ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျောင်းသန့်ရှင်းရေးကို ကျောင်းဖွင့်ချိန်မတိုင်မီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အပတ်စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဦးဆန်းကြည်