ဆိပ်ကြီးခနောင်တို မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတစ်ဆင့် အသိပညာဗဟုသုတ တိုးပွားရရှိစေရေး ရည်ရွယ်၍စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သခင်ဘသောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ယခုကဲ့သို့ နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများအား နယ်လှည့်စာကြည့်တိုက်သို့ လာရောက်သည့် ရပ်ကွက်နေပြည်သူများအား ဆွေးနွေးပြောကြားသည်။ ထို့နောက် နယ်လှည့်စာကြည့်တိုက်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ရပ်ကွက်နေပြည်သူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြရာ ဦးစီး အရာရှိနှင့် ဝန်ထမ်းများက ရှင်းလင်းပြသပေးခဲ့သည်။
ယင်းနောက် နယ်လှည့်စာကြည့်တိုက်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသ စာအုပ်များအား ရပ်ကွက်နေပြည်သူများ ဖတ်ရှုနိုင်ရေးအတွက် စနစ်တကျ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းနှင့် ကျန်ရှိသော ရပ်ကွက်များတွင်လည်း ပြည်သူများဗဟုသုတတိုးပွားရရှိစေရေးအတွက် ယခုကဲ့သို့ နယ်လှည့် စာကြည့်တိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (IPRD)