ဒဂုံဆိပ်ကမ်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် (၉) နာရီမှစတင်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများဖြစ်သော အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းတွင် မေလ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာသင်ကျောင်းများ စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာများက မိမိတို့တာဝန်ကျရာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား/သူများအားကျောင်းစတင်အပ်နှံသည့်နေ့တွင် ကျောင်းသား/ကျောင်းသူတစ်ယောက်လျှင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းအဆင့် ကျောင်းသား/သူများအား ကျောင်းဝတ်စုံ(၁)စုံစီတို့ကို အခမဲ့ပေးအပ်ခဲ့ကြပြီး ဇွန်လ(၁)ရက်နေ့မှစတင်ကာ ကျောင်းသား/ကျောင်းသူများအား စတင်ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၃)ကျောင်း၊ မူလတန်း(၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၅)ကျောင်း ၊စုစုပေါင်း (၃၃)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးမဥ္ဇူ