မိုးညှင်းမြို့အင်ကြင်းကုန်းကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

မိုးညှင်း မေ ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အင်ကြင်းကုန်းကျေးရွာ ဘက်စုံသုံးခန်းမတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းကို မေ (၂၂)ရက်မှ (၂၆)ရက်ထိ ငါးရက်ကြာ သင်ကြားပို့ လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားပို့ချပေးရာတွင် ဒေသထွက်ကုန်အခြေခံပစ္စည်းများကို အခြေခံပြီး ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေ အခြေခံပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ရရှိခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ထိုသင်တန်းတွင် တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်ကြားပေးနေသည့် စားသောက်ကုန်အမျိုးအမည်များမှာ ပဲနို့၊ ပဲပုတ်ခြောက်၊ မန်းကျည်းတော်ဖီ၊ မန်းကျည်းဖျော်ရည်၊ ဇီးယို၊ ဇီးဖျော်ရည်၊ မြေပဲယို၊ နှမ်းယို၊ အာလူးကြော်၊ ကြက်ဥ မြေပဲပွကြော်၊ ကျောက်ဖရုံယို၊ ခရမ်းချဉ်သီးယိုနှင့် သရက်သီးယိုစသည့် စားသောက်ကုန် (၁၃)မျိုးကို စာတွေ့ (၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀)ရာခိုင်နှုန်းဖြင့် သင်ကြားပို့ချပေး လျက်ရှိကြောင်း ခရိုင် ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်ထံမှ သိရသည်။

ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း သုံးကြိမ်၊ လူသုံးကုန်ထုတ်လုပ် နည်းပညာသင်တန်း သုံးကြိမ်၊ ဝါးအခြေခံသည့် လက်မှုထည် သင်တန်း နှစ်ကြိမ်နှင့် ဆိုင်ကယ်ပြုပြင် သည့် နည်းပညာသင်တန်း နှစ်ကြိမ် စုစုပေါင်းသင်တန်း (၁၀)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)