ဟိုပုံး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ဦးကွက်သစ်ရပ်ကွက်နှင့် တုံခမ်းရပ်ကွက်တို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတိုင်း ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့ဦးကွက်သစ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းနှင့် တုံခမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား အမှတ်ပါရှိနိုင်ရေး နိုင်ငံသားစိစစ် ရေးကတ်ပြားမရှိသူများ၊ အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးနှင့် တာဝန်ရှိသူများက အိမ်တိုင် ရာရောက် ကွင်းဆင်းစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ပြုလုပ်ပေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ဦးကွက်သစ်ရပ်ကွက်နှင့် တုံခမ်းရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် ပြားမရှိသော ပြည်သူ(၅၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)