တာမွေ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် အောင်မင်္ဂလာလမ်းရှိ မင်္ဂလာသုခပါဠိတက္ကသိုလ်တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ဆရာတော်သံဃာတော်များအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ဥပါသကာအဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ လက်ကိုစနစ်တကျဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအပါအဝင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ အရှိန်အမြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်/သံဃာတော်အပါး(၂၉)ပါးနှင့် ဘုန်းကြီးကျောင်းသား(၂၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)