ဒလမြို့နယ်၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် မျိုးစေ့ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ဒလ မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲနှင့် မျိုးစေ့ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ညောင်ငုတ္တိုကျေးရွာတောင်သူဦးစိုင်းညီညီဇော်၏ ကွင်းအမှတ်(၁၉၆)၊ ဦးပိုင်အမှတ်(၂/၆) လယ်မြေ(၁၀)ဧကတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်နိုင်မိုးက နှစ်စဥ်မိုးစပါး၊ နွေစပါးစိုက်ပျိုးတဲ့အခါ စပါးစိုက်မြေတွင် မြေဆီလွှာမြေဆွေးဓာတ်များလျော့နည်းလာပြီး မြေဆီလွှာအရည်အသွေးကျဆင်းလာတဲ့အတွက် မြေဆီလွှာအတွင်းလိုအပ်သော အာဟာရဓာတ်များကို ပြန်လည်ဖြည့်သွင်းပေးရန်လိုအပ်ကြောင်း၊ ဓာတ်မြေသြဇာအပြင် သဘာဝမြေသြဇာဖြစ်သည့် သစ်စိမ်းမြေသြဇာထည့်သွင်း အသုံးပြုရန်လိုအပ်ကြောင်း၊ (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာသည် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ပရပ်ဓာတ်၊ ပိုတက်ဓာတ်၊ သစ်ဆွေးဓာတ်များပါရှိ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်နိုင်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ဧက(၅၀)အတွက် တစ်ဧကလျှင်(၄) ပြည်နှုန်းပေးအပ်ခဲ့ပြီး တောင်သူဦးစိုင်းညီညီဇော်၏ လယ်မြေ(၁၀)ဧကတွင်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)အား စုပေါင်းမျိုးစေ့ကြဲပက်ခဲ့ကြကြောင်း သိရသည်။                                                     

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်နိုင်မိုးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

မြင့်ဇော်(ပြန်/ဆက်)