သီပေါ မေ ၂၄
“ကျောင်းနေရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းများကို ယမန်နေ့နံနက်(၉)နာရီက စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံလက်ခံခြင်းကို အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)တွင် အပ်နှံ၍ အသက်(၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်ရာတွင် မည်သည့်အခကြေးငွေမျှ ပေးသွင်းရန်မလိုဘဲ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံလက်ခံရာတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ (၁)ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများအားလုံး ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)