တိုက်ကြီး မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Youth Club အသင်းများနှင့်ပူးပေါင်း၍ စာရေးသူ မင်းခန့်ရွှေ ရေးသားထားသော "ရေဆာရေသာသောက်ပါနှင့်မြန်မာမှုစာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ ဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က မျိုးဆက်သစ်လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဖတ်ရှုထားသည့် စာပေအသိများအား ပြန်လည် မျှဝေပေးနိုင်ရန်နှင့်မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာသုတဆိုင်ရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ စာဖတ်ဝိုင်းများကို ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာဖတ်ဝိုင်းတွင် ဉီးဆောင်ဆွေးနွေးသူ အဖြစ် စာပေချစ်မြတ်နိုးသူများအသင်းဝင် ဉီးနေသွေးဇော်က “ရေဆာရေသာသောက်ပါနှင့် မြန်မာမှုစာစုများ “စာအုပ်”မှ မိဘ၊ ဆရာ၊ ကျောင်းသား “သုံးဉီးအချိုးကျညီညွတ်မျှတမှ အောင်မြင်မည်ဖြစ်ကြောင်း ရေးသားထားသော သုံးနားညီတြိဂံ “ဆောင်းပါးအား ဖတ်ကြား ဆွေးနွေးသည်။ ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အသင်းဝင်များနှင့် Youth Club အသင်းဝင်များက “အရွယ်သုံးပါး၊ နှလုံးသားဝယ်၊ ဘုရားတည် “ဆောင်းပါး၊ “အတုယူမမှားစေရေး ဆင်ခြင်တွေး ‘’ဆောင်းပါး စသည့် မြန်မာ့ယဉ်ကျေးမှုအနုပညာသုတဆိုင်ရာ သိကောင်းစရာများကို ဖတ်ကြားကာ အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါစာဖတ်ဝိုင်းများကို လူငယ်များစာပေဖတ်ရှုသည့် အလေ့အထများဖြစ်ထွန်းစေရန်၊ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာဖတ်ပရိသတ်များ၊ စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Youth Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်