သီပေါမြို့နယ်တွင် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်များ ဆက်လက် ထုတ်ချေးပေး

သီပေါ မေ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ မေလ(၁၈)ရက်နေ့က စတင်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့နံနက်ပိုင်းတွင် မန်လီကျေးရွာအုပ်စုမှ တောင်သူ(၁၄၈)ဦးအား စပါး(၂၃၁)ဧက၊ ပြောင်း(၈၃၇)ဧက စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေကျပ် (၁၁၈၃.၅)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ မေလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ တောင်သူ(၄၈၅)ဦးတို့အား ငွေကျပ်(၃၄၉၅.၅)သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများအား နေ့ရက်အလိုက် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် စပါးစိုက်ခင်းတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းနှင့် ပြောင်းတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အကျေပေးသွင်းပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ် မိုးသီးနှံချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ခင်လေး(မြို့နယ်၊ ပြန်/ဆက်)