နမ္မတူ မေ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၃)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံတော်က ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံ (၁)စုံ စသည့် ပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးလျက်ရှိသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်း စုစုပေါင်း (၅၃)ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအား မိဘများက လာရောက်အပ်နှံလျက်ရှိရာ ဆရာ၊ ဆရာမများက နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)