သန်လျင် အောက်တိုဘာ ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေး ဝန်ထမ်းများ အတွက် အာဟာရဒါနအဖြစ် အရိပ်စစ်ပရဟိတအင်အားစု (သန်လျင်) မှ ထမင်းဘူးများကို ယမန်နေ့ နံနက် ၁၀ နာရီက သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာနစိတ်သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အရိပ်စစ်ပရဟိတအင်အားစု (သန်လျင်)မှ ဆရာ ဦးဇာနည်တင်နှင့် တာဝန်ရှိသူများက သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးလုပ်ငန်းများတွင် ပါဝင်တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် နေ့လယ်စာ အာဟာရအဖြစ် အသင့် စားသုံးနိုင်သော ထမင်းဘူး ၆၀ ဘူးအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အရိပ်စစ်ပရဟိတအင်အားစု (သန်လျင်)မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းတို့အား ဆွမ်းများလှူဒါန်းခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး ပါးစပ် နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ လှူဒါန်းပေးလျှက်ရှိပြီး မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီနေကြသောအဖွဲ့များအား အဟာရဒါန ထမင်းဘူးများ လှူဒါန်းခြင်း၊ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်တိုင် ချုပ်လုပ်သော ပြန်လည်အသုံးပြုနိုင်သည့် ပါးစပ်နှာခေါင်းစည်း Mask များအား ရုံးဌာနများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် လူစည်ကားရာဈေးများ၊ ကားဂိတ်များတွင် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)