ဟိုပန် မေ ၂၄
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသက်(၁၈)နှစ်အထက် အများပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများ၌ မေလ(၁၅)ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ဟိုပန်မြို့ ပြည်သူ့ဆေးရုံနှင့် မော်ဟွေ့ကျေးရွာအုပ်စု၊ နောင်ဟေ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းစုရပ်နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)အား ဆက်လက်ထိုးနှံပေးခဲ့သည်။
ထိုသို့ ထိုးနှံပေးရာတွင် ဟိုပန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်၏ အနီးကပ်စီမံကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ(၁၂၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး First Dose၊ First Booster Dose ၊ Second Booster Dose နှင့် Third Booster Dose များကို ထိုးနှံပေးခဲ့သည်။
ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မေလ(၁၅)ရက်နေ့မှ အရှိန်အဟုန်မြှင့် သက်ဆိုင်ရာစုရပ်နေရာများ၌ လိုက်လံထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပြီးသူပေါင်း(၉၀၉၆)ဦးရှိပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)