လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ ဧက ၃၈၂ စိုက်ပျိုးအောင်မြင် ဆွတ်ခူးရောင်းချချိန်ဈေးနှုန်းကောင်းရရှိ

ညောင်ဦး  မေ  ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ် မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန် မနှစ်ကထက် ဈေးနှုန်းပိုမိုရရှိနေကြောင်း နွေပဲတီစိမ်းစိုက်ပျိုးတောင်သူများထံကသိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေတင်ဖြင့်စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်ဧက ၇၂၈ ဧကရှိကြောင်း၊ ပဲတီစိမ်းစိုက်ခင်းတွေကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်က နွေပဲတီစိမ်းပေါ်ချိန် တစ်တင်းလျှင် ငွေကျပ် ၄၅၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး မြစ်ရေတင်ဖြင့် စိုက်ပျိုးကြသည့် နွေပဲတီစိမ်းစိုက်တောင်သူများယခင်နှစ်ကဈေးနှုန်းမျိုးရရှိရန် မျှော်လင့်နေကောင်းပဲတီစိမ်းစိုက် တောင်သူများကပြောကြားသည်။

နွေပဲတီစိမ်း စတင်စိုက်ပျိုးခြင်းအား မတ်လလယ်လောက်တွင် စတင်ကြဲပက် စိုက်ပျိုးကြကာ စိုက်ပျိုးပြီး ၄၅ ရက်ရှိလျှင် ပဲတီစိမ်းအဖူး၊အပွင့်များစတင်ပွင့်ပြီး ရက် ၆၀၊ နှစ်လပြည့်လျှင် စတင်ဆွတ်ခူးရကြောင်း ထွက်ရှိလာသည့်နွေပဲတီစိမ်းများအား ပခုက္ကူပွဲရုံများ သို့သွားရောက်ရောင်းကြကြောင်းသိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေတင်မှရေသွင်းခ တစ်ဧကလျှင် နွေပဲတီစိမ်း တစ်သီးပြီးသည်အထိ ၃၀၀၀ ကျပ်ပေးသွင်းရပြီး၊ ရေသွင်းအကြိမ်ရေငါးကြိမ်၊ခြောက် ကြိမ်အထိ ရေသွင်းပေးရကြောင်း လက်ပံခြေပေါ် မြစ်ရေတင် တာဝန်ခံ ကပြောကြား၍ သိရကာ နွေပဲတီစိမ်းထွက် ရှိရောင်းချနေရကာ ပဲတီစိမ်းတစ် တင်း ၅၃၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်းသိရပြီး ညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်၊ ဆိုလာလျှပ်စစ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းများအား ကျောက်ကူးမြစ် ရေတင်ဖြင့် (၂၈၅)ဧက၊ သူကောင်းတည်မြစ်ရေတင်(၄၆၇)ဧက၊ ငါ့သရောက်မြစ်ရေတင် (၇၂၈) ဧက၊ လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် (၃၈၂)ဧကစိုက်ပျိုးထားရာ စုစုပေါင်း(၁၈၆၂)ဧက နွေပဲတီစိမ်းများအောင်မြင်ဖြစ်ထွန်းပြီး ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း