တိုက်ကြီး မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၉ နာရီ မှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများနှင့် မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံပေးလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ / ဆရာမများက ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းအပ်နှံစေရေးအတွက် ‘’ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ‘’ ဆောင်ပုဒ်ပါ အသိပညာပေးဆိုင်းဘုတ်များကို အခြေခံပညာကျောင်းများနှင့် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံများတွင် စိုက်ထူနှိုးဆော်ထားကြောင်းနှင့် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူများအား မူလတန်း အဆင့်တွင် ဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ အလယ်တန်းနှင့်အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဌာန်းစာအုပ်များကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းအပ်နှံခြင်းကို မေ လ ၂၃ ရက်နေ့ မှ ၃၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံဘေးကင်းစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များက အခြေခံပညာကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)