စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

စဉ့်ကိုင် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ထက်/လယ်/မူ အခြေခံပညာကျောင်းများတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်း သား/ကျောင်းသူများ ကျောင်းအပ်နှံလက်ခံခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်ရာတွင် အသက်(၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)တွင် အပ်နှံ၍ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း (Grade – 1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်ရာတွင် မည်သည့် အခကြေးငွေမျှ ပေးသွင်းရန်မလိုဘဲ ကျောင်းသား/ကျောင်းသူများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် နှင့် စာရေးကိရိယာများကို အခမဲ့ ထုတ်ပေးခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး မူလတန်း ကျောင်းသား/ကျောင်းသူများအတွက် ဖတ်စာအုပ် (၁)စုံ၊ ကျောင်းသုံးဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ (၄)ချောင်း၊ ကျောင်းဝတ်စုံ (၁)စုံနှင့် အလယ်တန်း ကျောင်းသား/ကျောင်းသူများအတွက် ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံး   ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၂) ချောင်း အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရေးကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁) ရက် နေ့အထိ ရက်သတ္တပတ်အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၁)ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်း အားလုံးဖွင့်လှစ်၍ ကျောင်းသင်ခန်း စာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော့မူယာမောင်