ဇမ္ဗူသီရိ မေ ၂၄
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ထက်ကျော် ရေးသားသည့် "လောကဓံနှင့် ဘောလုံးကစားခြင်း" စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားက စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးစောမျိုးအောင် (အိုင်ပီမျိုးအောင်)၊ ဦးမောင်မောင်တာ (သဘာဝ)၊ ဦးအောင်ဝေ (အောင်ဝေ-ညောင်ခြေထောက်)၊ ဦးစောဦး(ဈာန်-စွမ်းအင်)၊ ဦးကျော်ကျော် (ဗကျော်-နေပြည်တော်)၊ ဒေါ်မြင့်မြင့်စန်း (တိမ်တိုက်ပန်းချီ-ပျဉ်းမနား)၊ ဦးလင်းထွဋ် (ကိုလင်း-အညာမြေ)၊ ဦးကျော်လွင် (ကျော်လွင်မြင့်-မှော်ဝန်း)၊ ဒေါ်နှင်းနှင်းလွင်(လုံမငယ်-လူမှု)၊ ဒေါ်ခင်ဆွေယု (သီရိမေ)၊ ဦးဌေးဦး(နွေဦးကိုကို)နှင့် စာပေဝါသနာရှင်တို့က "လောကဓံနှင့် ဘောလုံးကစားခြင်း" စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့် ယှဉ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)