ဒဂုံမြောက် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ် လက်ခံခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ သတ်မှတ်ထားရာ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ခဲတံ၊ ပေတံစသည့် ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးတာဝန်ရှိသူထံမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများကို ဇွန်(၁)ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ရာ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၂၄)ကျောင်း၊ ကျောင်းဘုန်းတော်ကြီးပညာသင် (၁)ကျောင်း၊ စုစုပေါင်း (၃၂) ကျောင်းရှိကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)