တွံတေး မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကျောင်းအပ်နှံသည့်အခါ အခကြေးငွေတစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံစသည့်ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများကို ဇွန်(၁)ရက်စတင်တက်ကြရမည်ဖြစ်ရာ တွံတေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်း(၂၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)၊ ကျောင်းဘုန်းတော်ကြီးပညာသင် (၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း စုစုပေါင်း(၂၁၉)ကျောင်းရှိကြောင်း သိရှိရသည်။
တွံတေးသား