နောင်ချို မေ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာမှုရှိစေရန် ရည်ရွယ်၍“လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယနေ့ မွန်းလွှဲ ၁နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်ဟောပြောရာတွင် “လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ” စသည့် ခေါင်းစဉ်များဖြင့် လူငယ်များ ရှင်းလင်းနားလည်လွယ်အောင် ဥပမာ၊ သာဓကများဖြင့် ဟောပြောခဲ့ကြောင်းနှင့် တက်ရောက်လာကြသော လူငယ်၊ လူရွယ်များက သိရှိလို သည်များကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် လူငယ်များဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ၊ လူငယ်ဆိုင်ရာအသိပညာပေးပြပွဲများ၊ လူငယ်ဆိုင်ရာသင်တန်းများ၊ လူငယ်ဆိုင်ရာ အားကစားပြိုင်ပွဲများနှင့် လူငယ်ဆိုင်ရာ Talk Show ဆွေးနွေးပွဲများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)