ပန်ဆိုင်း(ကြူကုတ်)မြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

ပန်ဆိုင်း မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ KG မှ Grade-11 အထိ အတန်းများ၏ ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လက်ခံနေပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းအပ်နှံခြင်းကို ပန်ဆိုင်း(ကြူကုတ်)မြို့အခြေခံပညာကျောင်းများတွင် စတင်လက်ခံနေပြီဖြစ်ရာ ကျောင်းအပ်နှံရာ၌ KG ကလေးများ ကျောင်းအပ်ပါက အိမ်ထောင်စုဇယားမိတ္တူ၊ မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူ၊ ကျောင်းသားမှတ်ပုံတင်မိတ္တူ၊ မွေးစာရင်းမိတ္တူပါယူဆောင်လာရန်၊ ကျောင်းအပ်ကျောင်းသားမိဘအုပ်ထိန်းသူများကိုယ်တိုင် လာရောက်အပ်နှံရန်နှင့် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ထိုကဲ့သို့ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်ကျောင်းအပ်နှံခြင်းကို ကျောင်းသား/ကျောင်းသူမိဘများက အခကြေးငွေပေးဆောင်ရခြင်းမရှိဘဲ ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ သွားရောက်အပ်နှံကြပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများမှ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်လက်ခံပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံမှုကို မေလ ၂၃ ရက်မှ ၃၁ ရက်နေ့ထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပန်ဆိုင်း(ပြန်/ဆက်)