၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှု စတင်လက်ခံဆောင်ရွက်

ဝိုင်းမော် မေ ၂၃

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အား မေ ၂၃ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားရှိရာ မေ ၂၃ ရက် နံနက် ၉ နာရီမှ စတင်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်ရှိ အခြေခံကျောင်းများတွင် ကျောင်းအပ်နှံမှုများအား တာဝန်ခံဆရာ/မများက စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိ သည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) (၆) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁၂) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၄) ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း (၈၁) ကျောင်းနှင့် မူလတန်းကျောင်း (ခွဲ) (၁၇) ကျောင်းရှိပြီး မေ ၂၃ ရက်တွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်နှံမှုများ စတင် လက်ခံကာ မေ ၂၅ ရက်မှစ၍ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းအပ်နှံမှု များအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဝိုင်းမော်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား/သူ ဦးရေ (၉၀၇၃) ဦး၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၅၆၄) ဦးနှင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူ (၁၀၁၉) ဦးအထိ အပ်နှံခဲ့ပြီး ကျောင်းတက်ရောက်နိုင်မှုမှာ (၉၄) ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ဝိုင်းမော်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြူစင်