ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ကျောင်းအပ်စတင်လက်ခံ

ဆိပ်ကြီးခနောင်တို မေ ၂၃

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်ဆုံးအပ်နှံစို့” ဟူသည့် ပညာရေးဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း ၁၀ ကျောင်း၊ မူလတန်းလွန် ၄ ကျောင်း၊ အ.ထ.က(ခွဲ) ၂ ကျောင်းနှင့် အ.ထ.ကကျောင်း ၁ ကျောင်း စုစုပေါင်း ကျောင်း ၁၇ ကျောင်းရှိရာ ယနေ့တွင် သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်စတင်လက်ခံလျက်ရှိပြီး မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများမှလည်း ကျောင်းအပ်နှံခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ အကျယ်တဝင့်သိရှိအောင် ရှင်းပြပြောကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်အလိုက် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံတို့အား ကျောင်းသားတစ်ဦးချင်းစီအလိုက် ကျောင်းအပ်နှံစဉ် တစ်ပါတည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းဝတ်စုံအား ပညာသင်နှစ်ကာလအတွင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝေယံ(IPRD)