ချမ်းအေးသာစံ မေ ၂၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးအဆင့် Grade 9 သင်ရိုးသစ် ဆင့်ပွားသင်တန်း တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက ကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်ရေး၊ ကျောင်းထွက် နှုန်း လျော့နည်းရေး၊ ကျောင်းနေပျော်ရေး၊ ပညာရည်မြင့်မားရေးနှင့် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်စေရေး၊ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်ရေးတို့နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းတက်ရောက်နေသည့် မဟာအောင်မြေမြို့နယ်၊ အထက ၃ မှ ဆရာမ ဒေါ်ချယ်ရီအောင်၊ ချမ်းအေးသာစံမြို့နယ်၊ အ.လ.က ၁ မှ ဒေါ်ခင်သူသူဝင်း၊ မဟာအောင်မြေမြို့နယ်၊ မူလွန် ၂ မှ ဒေါ်စုစုနိုင်တို့က ကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်ရေး၊ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်ရေးတို့နှင့် စပ်လျဉ်းသည့် လိုအပ်ချက်များအား တင်ပြခဲ့ရာ တင်ပြချက် များအပေါ် မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာ စိုးမြင့်ထွန်းမှ ပြန်လည်ရှင်းလင်းဖြေကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင် ကို (ထာဝရ မိသားစု)မှ သင်တန်းသား ဆရာ၊ ဆရာမများအတွက် တစ်ဦးလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ငွေ (၃၇၄၀၀၀၀)ကျပ်အား ပေးအပ်၍ နိဂုံးချုပ်စကား ပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကိုမှ သင်တန်းသား ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်နှံ လက်ခံနေမှူအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာစိုးမြင့်ထွန်း၊ မဟာအောင်မြေ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး သော်တာထွေး၊ မဟာအောင်မြေခရိုင် ပညာရေးမှူး ဒေါက်တာ သက်လှစု၊ မြို့နယ်ပညာရေး မှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ယင်းသင်တန်းသို့ မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်များမှ ဆရာ၊ ဆရာမ ၇၄၈ ဦးတက်ရောက်၍ မေလ ၁၇ ရက်နေ့မှ မေလ ၂၄ ရက်နေ့ အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အ.ထ.က ၁၄ တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ပထဝီဝင် ဘာသာရပ်များအား လည်းကောင်း၊ အ.ထ.က ၂၂ တွင် သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်အားလည်းကောင်း သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်