ကော့မှူး မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်က မိဘများနှင့် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းအပ်နှံမှုများပြားလျက်ရှိနေကြောင်း တွေ့ရသည်။
ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံကျောင်းများတွင် ကျောင်းအပ်နှံကြသော ကျောင်းသား/ကျောင်းသူများကို သူငယ်တန်း(KG)သင်ရိုးသစ်မှ ပဉ္စမတန်း(Grade-5) သင်ရိုးသစ်ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ကျောင်းဝတ်စုံ(၁)စုံတို့အား ပညာသင်နှစ်အတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မကျီးတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့စန်းထံမှ သိရသည်။
ကော့မှူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၁၁ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ ၇ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၁၁ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၇၉ ကျောင်း၊ စုစုပေါင်း ၁၂၉ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းသား /ကျောင်းသူများ ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှမကောက်ခံပဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ ကော့မှူး