တံတားဦး မေ ၂၃
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား/သူများ ပညာ သင်ကြားနိုင်ရေးအတွက် ယနေ့နံနက် (၉) နာရီမှစတင်ကာ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများဖြစ်သော အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းတွင် မေလ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာသင်ကျောင်းများ စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ နှင့် ဆရာ/ဆရာများက မိမိတို့တာဝန်ကျရာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား/သူများအား ကျောင်းစတင်အပ်နှံသည့်နေ့တွင် ကျောင်းသား/ကျောင်းသူတစ်ယောက်လျှင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းအဆင့် ကျောင်းသား/သူများအား ကျောင်းဝတ်စုံ (၁) စုံစီတို့ကို အခမဲ့ပေးအပ်ခဲ့ကြပြီး ဇွန်လ (၁) ရက်နေ့မှစတင်ကာ ကျောင်းသား/ကျောင်းသူများအား စတင်ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉)ကျောင်း၊ အလယ်တန်းကျောင်း (၉) ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း (၈) ကျောင်း ၊ မူလတန်းလွန်ကျောင်း (၁၇) ကျောင်း၊ မူလတန်းကျောင်း (၆၈) ကျောင်း၊ စုစုပေါင်း (၁၂၁) ကျောင်းရှိပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဦးရဲတင့်