မိုင်းဆတ် မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းများတွင် ယနေ့ နံနက်(၉)နာရီကစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်လက်ခံခြင်းကို အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) တွင် အပ်နှံ၍ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်ရာတွင် မည်သည့်အခကြေးငွေမျှ ပေးသွင်းရန်မလိုဘဲ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အခမဲ့ထုတ်ပေးခဲ့သည်။
မိုင်းဆတ်မြို့နယ်တွင် အထက(၂)ကျောင်း၊ အထကခွဲ(၃)ကျောင်း၊ အလယ်တန်း(၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၃)ကျောင်း၊ မူလွန်(၁၅)ကျောင်း၊ အမက(၅၁)ကျောင်းနှင့် အမကခွဲ(၁၈)ကျောင်း အခြေခံပညာကျောင်းပေါင်း(၉၆)ကျောင်းရှိရာ မေလ(၂၃)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိပြီး မေလ(၂၃)ရက်နေ့မှ ဇွန်လဆန်း ကျောင်းမဖွင့်မီကာလအထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံခြင်းကို အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းနှင့် တာဝန်ရှိသူတို့က မြို့ပေါ်ရှိ ကျောင်းများ သို့သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)