မိတ္ထီလာ မေ ၂၃
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်း ဖွင့်ပွဲ အခမ်းအနားနှင့် ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တု လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က အဆိုပါ တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တု လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှာနိုင်ငံသံအမတ်ကြီး Dr.Nikolay Listopadov တို့က အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ရှရှားအာကာသယာဉ်မှူး၏ ရုပ်တုအား ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး Dr.Nikolay Listopadovနှင့် တာဝန်ရှိသူများက ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် လေကြောင်းဆိုင်ရာ သမိုင်းမှတ်တိုင်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ရဟတ်ယာဉ်များ၏ သမိုင်း၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တိုက်လေယာဉ်များ၊ ထင်းရှာကျော်ကြားသော ပျံသန်းယာဉ်များ၊ ဒုံပျံများ၏ သမိုင်း၊ အာကာသ စူးစမ်းလေ့လာရေး သမိုင်းကြောင်း၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ဌာနအသီးသီးမှ ဆောင်ရွက်ခဲ့သော ပရောဂျက်များနှင့် မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တုကို ရုရှားဖက်ရေးရှင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ လူထုအခြေပြု ပရဟိတရန်ပုံငွေအဖွဲ့၏ “ယဉ်ကျေးဖလှယ် စုပေါင်းညီညာ ဤကမ္ဘာ” အစီအစဉ်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လှူဒါန်းသော ပန်းပုပညာရှင် အလက်ဆီလီယိုနော့ဗ်၏ လက်ရာမွန် ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရီ ရုပ်တုကို ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့ တွင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်း၌ ဂုဏ်ပြုထားရှိခြင်းဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)