ပြင်ဦးလွင်မြို့နယ်၊ သင်္ဂတုံကျေးရွာအုပ်စုသို့ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

ပြင်ဦးလွင် မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သင်္ဂတုံကျေးရွာအုပ်စု အတုမရှိသင်္ဂတုံ ရေမောင်းကုန်းကျောင်းတိုက်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ယခုကဲ့သို့ တွေ့ဆုံပွဲကျင်းပ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လာရောက်ဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားကာ  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးဟန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် အားရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင် ဦးသောင်းမြင့်သိန်းက စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဒေါ်အေးအေးခန့်က လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့်အချိုးကျ ကိုယ်စားပြု (Proportional Representation System-PR) စနစ်အကြောင်း သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်လျှပ်စစ်၊ ဆည်‌မြောင်း၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစရှိသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ဆက်လက်၍ စစ်ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် သင်္ဂတုံကျေးရွာအုပ်စု အတုမရှိသင်္ဂတုံ ရေမောင်းကုန်း ကျောင်းတိုက်ဆရာတော် အရှင်ဇနကအား သင်္ကန်းအစရှိသည့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ဒေသခံပြည်သူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster ဆေးများထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်္ဂတုံကျေးရွာအုပ်စုမှ ဒေသခံပြည်သူများစုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် ခရိုင်(ပြန်/ဆက်)