ကွတ်ခိုင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်ခြင်း စတင်လက်ခံ

ကွတ်ခိုင် မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ယနေ့ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ မေ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့ အထိ ကျောင်းအပ်နှံခြင်း လုပ်ငန်းတွေကို  သက်ဆိုင်ရာ ကျောင်းအလိုက် စနစ်တကျလက်ခံဆောင်ရွက်ပေးပြီး ကျောင်းအပ်နှံသည့် အခါတွင် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံစသည့် ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အသက်အရွယ်အလိုက် သက်ဆိုင်ရာအတန်း အသီးသီးကို  အပ်နှံရမည်ဖြစ်ပြီး အခြေခံပညာကျောင်းများကို ဇွန်(၁)ရက်‌နေ့မှ စတင်တက်ကြရမည် ဖြစ်ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)