ကချင်ပြည်နယ်အတွင်းရှိဆေးရုံများမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသား ဓာတ်ခွဲဌာနသို့ ဒုတိယအကြိမ် သွားရောက်ပို့ဆောင်

မြစ်ကြီးနား  အောက်တိုဘာ  ၇

ကချင်ပြည်နယ်အတွင်းရှိဆေးရုံများမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသား  ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်း(၁)ဦးနှင့်အတူ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးမောင်မောင်ချို၊ ဦးစီးမှူး တတိယတန်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးအောင်မြတ်သူ ဒုတပ်ဖွဲ့မှူးတို့လိုက်ပါလျက် ယမန်နေ့နံနက် (၇) နာရီခွဲက မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ထွက်ခွာသွားကြောင်း သိရသည်။

လက်တလောဖြစ်‌ပေါ်နေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ စောင်ကြည့်လူနာ (၆၁၆)ဦးတို့၏ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်မာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ကျန်းမာရေးဝန်ထမ်း (၁) ဦးနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင် (၂) ဦးမှ လိုက်ပါကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ကြက်ခြေနီရုံးမှ သိရှိ ရသည်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာပေါင်း(၁၀၃၃)ဦး ရှိပြီး၊ပိုးတွေ့လူနာ(၅၀)ဦးပြီး ပြန်လည်ရောဂါကင်းစင်လာသူ(၄၁)ဦးရှိကြောင်းနှင့် သေဆုံးသူမရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရှိရသည်။

စိန်ဝင်း(ပြန်/ဆက်)