လယ်ဝေး အောက်တိုဘာ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေး ဗဟိုဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာတွင် အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းနှင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဦးရဲဇာနည်အောင် လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)နှင့် လယ်ဝေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရတို့ကို IPRCC စီမံကိန်းတွင် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဘုန်းထိုက်ယံကုမ္ပဏီနှင့် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Z.L.T ကုမ္ပဏီတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ အဆိုပါစီမံကိန်း လုပ်ငန်းများအား အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်စေရန်နှင့် သတ်မှတ်ကာလဖြစ်သည့် ၂၀၂၀-ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)