ကမာရွတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုစတင်

ကမာရွတ် မေ ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေလ၂၃ ရက်နေ့မှ မေလ၃၁ရက်နေ့အထိသတ်မှတ်၍ ကျောင်းသားကျောင်းသူများအား ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများအဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်းထောက်ပံ့ပေးအပ်ကြသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့်ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူများရှိပြီး ကျောင်းများ၏လုံခြုံရေးနှင့် ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ၏လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

စိမ်းလဲ့ (ပြန်/ဆက်)