မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကျန်းမာရေးပုံမှန် စောင့်ရှောက်မှုများ ပေးလျက်ရှိ

မြစ်သား မေ ၂၃ 

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   မြစ်သားမြို့နယ်တွင်  ကိုယ်ဝန်ဆောင်အမျိုးသမီးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေး ကြည့်ရှုစစ်ဆေးပေးခြင်းများကို ယမန်နေ့ နံနက်  (၉) နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းကို မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်းHIVနှင့် ဆစ်ပလစ်ပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ ဆီးနှင့်သွေးစစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မှုအနေအထားနှင့် ကလေးအနေအထား ပုံမှန်ရှိ/မရှိစစ်ဆေးပေးခြင်း၊ ပထမအကြိမ် ကိုယ်ဝန်အပ်နှံခြင်းဖြစ်ပါက မေးခိုင်ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခြင်း၊ ကိုယ်ဝန် (၄) လကျော်ပါက သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးနှင့်ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရန်၊ အာဟာရ ပြည့်ဝစွာစားသုံးရန်၊ ရောဂါလက္ခဏာ တစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံးသွားရောက်ပြရန်နှင့် သတ်မှတ်ထားသည့်ရက်များအတိုင်း လာရောက်ပြသရန်လိုအပ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အပတ်စဉ်တနင်္လာနေ့များတွင် ကျန်းမာရေး ကြည့်ရှုစစ်ဆေးပေး သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိခင်နှင့်ဌာနကျန်းမာရေးဆရာမ ဒေါ်ခင်မြဝင်းထံမှသိရသည်။

ဦးဝင်းမင်းထွန်း